Saturday, October 27, 2007

အကြွင်း

" နှုတ်ဆက်သွားမယ့်နေ့ "
သံယောဇဉ်ဆိုတဲ့
တွယ်တာမှုတွေနဲ့ 
ရုန်းထွက်မရမှ
သဘောဖြူဖြူ
စိတ်ထားရဲရဲ
အစွဲကြီးတဲ့ သူ့ အတွက်
တသက်တာ ပေးဆပ်
နှင်းအပ်ပျော်ရွှင်
အတိတ် ရင်ခွင်ကိုပြင်ဆင်ရင်း...

ကိုလေး
နှုတ်ဆက်သွားမယ့်နေ့ တွေကို
စိုးထိတ်နေတဲ့ ကျွန်မ
ရိုင်းခိုင်းကြမ္မာ မီ့  အနာဂတ်မှာ..
ကိုလေးမရှိလို့  မဖြစ်ဖူး။

နှုတ်ဆက်စကားတွေ
မပြောချင်ပါနဲ့ မင်းမျက်ရည်တွေ ၀ဲလာရင်
နှလုံးသားပေါ် ချော်ရည်အသွင်ပြောင်း
အက်ကြောင်းကွဲထပ်
မချိမဆံ့။ ။

တဖက်သတ်စွဲချက် တွေနဲ့ 
ထိုးနှက်နေ ကြတာတွေကို
မေ့ပစ်လိုက်စမ်းပါ။
အမှန်ဟာ အမှန်ပဲ
လက်တွဲလို့ ရင်ဆိုင်
စိတ်ဓာတ် ခိုင်ခိုင်ထား။ ။

မိုးလောက်ကြီးမား
မီ့ စိတ်ထားတွေ
သန့် စင်နေတာမို့ ကိုလေးရယ်...
ကိုလေးနှုတ်ဆက်သွားမယ့်နေ့ တွေကို
မီး အရမ်းကြောက်နေမိတယ်။ ။


သင်္ကြန်အကြတ်နေ့  အမှတ်တရ
ကိုလေးအတွက်
၁၅.၀၄.၂၀၀၃

တချိန်က ကျနော့် နှလုံးသားပေါ်မှာ အဟုန်ပြင်းပြင်း စီးဆင်းသွားခဲ့တဲ့ မြစ်တစင်းရဲ့ ကောက်ကြောင်းများစွာထဲက တစ်ခုပါ။ ခုချိန်မှာတော့ တိုက်စားမှုကြောင့် ပဲ့ကျခဲ့ရတဲ့ နံရံတွေနဲ့ ၊ ခြောက်သွေ့ လွန်းလို့  ကွဲအက်နေတဲ့ ကြမ်းပြင်တွေသာ ....အကြွင်း

ကိုလေး

ဧဒင်ဥယျာဉ်မှာမြေခသူတွေ


တကယ်လို့များကျွန်တော်သာ အာဒမ်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့..........
ဧ၀ကို ဖန်ဆင်းဖို့ ရောက်လာတဲ့ဘုရားသခင်ကို နံရိုးတစ်ချောင်းချက်ခြင်းထုတ်ပေးဖို့ ကျွန်တော်ငြင်းဆန်မိလိမ့်မယ်။
သူဒီအတိုင်း ပြန်ထွက်သွားခဲ့ရင် အတော်ကောင်းမှာပဲနော်.........
ဒါဆိုကမ္ဘာပေါ်ကိုမိန်းမတွေ ရောက်မလာတော့ဘူးပေါ့။
အင်း...သူကမရဘူးကွာ၊ ငါဆုံးဖြတ်ပြီးသားလို့ စောဒကတက်လာမယ်ဆိုရင်တောင် ကျွန်တော်ရသလောက် အချိန်ဆွဲကြည့်လိုက်မယ်။
ကမ္ဘာမြေပေါ်ကိုမိန်းမတွေ နဲနဲနောက်ကျပြီး ရောက်လာလည်း နဲနဲလောက်ဖြစ်ဖြစ်တော့ စိတ်ချမ်းသာချိန် ပိုရမှာပဲဆိုတဲ့အတွေးနဲ့ပါ။
အဲ...သူနဲနဲ ဒေါသသံပါလာပြီဆိုတော့မှ နံရိုးအစား ကျွန့်တော့ရင်ဘတ်ထဲက အသည်းနှလုံးကို ထုတ်၊ ကဲ......ပြောမရလဲလုပ်ဗျာဆိုပြီး ရက်ရက်ရောရောပေးပြစ်လိုက်မယ်။
ကမ္ဘာမြေကို မိန်းမတွေရောက်လာမယ့် အတူတူမထူးတော့ဘူးလေ။ ဆုပ်လည်းဆူး၊ စားလည်းရူး ဖြစ်တော့မယ်ဆိုတော့ မထူးဇတ်ခင်းရတော့မှာပေါ့။
နံရိုးကနေ ဖြစ်လာမယ့် အူတူတူအတတ မိန်းမတွေအစား အသည်းနှလုံးက ဖြစ်လာတဲ့ နဲနဲပိုတွေးတတ်မဲ့ သွက်သွက်လက်လက် မိန်းမတစ်ယောက်ဆိုရင်ပိုကောင်းမှာပဲဆိုတဲ့ အတွေးနဲ့ပါ။
ဧ၀အတွက် ထုတ်ပေးလိုက်ရလို့ အသည်းနှလုံးတွေ မရှိတော့တဲ့နောက် ချစ်စရာ၊ မုန်းစရာဆိုတဲ့ စိတ်ရှုပ်စရာ အပိုအလုပ်တွေအပြင် နှလုံးရောဂါကအစ အသည်းနှင့် ဆက်နွယ်နေသော နောက်ဆက်တွဲ ရောဂါတွေလည်း ဖြစ်မလာတော့ဘူးပေါ့။ သောက်စမ်း....သေအောင်(အရက်တွေ)။ ပြီးတော့ အသည်းကွဲခြင်းဆိုတဲ့ သွေးလန့်စရာအကောင်းဆုံး ကြောက်မက်ဖွယ် ကပ်ဆိုးကြီးလည်း သူ့အပေါ်မကျရောက်လာနိုင်တော့ဘူးပေါ့။ ပွေစမ်း.....အစွမ်းရှိသလောက်( မိန်းမဆိုလို့ ဧ၀ကတစ်ယောက်တည်းဆိုပေမဲ့ ဘုရားသခင်လစ်တုန်း ဧဒင်ဥယျာဉ်စောင့်တဲ့ နတ်သမီးချောချောလေးတွေနဲ့)။

သူမကိုယ်တိုင်က အသည်းနှလုံးတစ်ခု၊ သူမရင်ဘတ်ထဲမှာကနောက်တစ်ခုနဲ့ ဧ၀ အသည်းနှလုံးနှစ်ခုစာ သ၀န်တွေ နှစ်ဆတိုနေမှာပဲနော်။ ဒါဆို သူမကျွန့်တော့်ကို အရမ်း ချစ်နေမဲ့သဘောပေါ့။ နံရိုးကနေဖြစ်လာမဲ့ အသည်းနှလုံးတုနဲ့ မိန်းမကိုကျွန်တော်မရွေးချယ်ခဲ့တာ အဲ့ဒါတွေကြောင့်ပါ...................။ အသည်းနှလုံးမဲ့နေတဲ့ ဟောင်းလောင်းပေါက်ရင်ဘတ်ပိုင်ရှင် ကျွန်တော်ကလည်း ပြန်ချစ်စရာမလိုတော့ ဧ၀ဘက်ကလုံးဝတစ်ဖက်သတ် အချစ်တွေနဲ့ပေါ့။ " ကိုယ်ချစ်ကိုမရှာနဲ့၊ သူချစ်ကိုရှာ" ဆိုတာကမ္ဘာဦးစကတည်းကကျွန်တော်ကထွင်ခဲ့တာပါ
(နဲနဲအတ္တကြီးတယ်ပြောလည်းကျွန်တော်က ဂရုမစိုက်)။ ကိုယ့်သေတွင်းတော့ ကိုယ်အပင်ပန်းခံပြီး ဘယ်သူကတူးခြင်ပါ့မလဲ။
ကမ္ဘာဦးဝါဒအတိုင်း မိန်းမကိုထားရာနေ၊စေရာသွားဆိုပြီး အမိန့်တွေဆက်တိုက်ပေးနေရင်တောင် ဧ၀က မငြိုညင်ခဲ့လေတော့ ကျွန်တော်က ကမ္ဘာဦးအစရဲ့ ပထမဆုံးသောအချစ်သူရဲကောင်းကြီးပေါ့။
ဒီလိုနဲ့ပဲ လူဦးရေတစ်စထက်တစ်ဆ များပြားလာတဲ့ ကမ္ဘာမြေဟာ ယောက်ျားတွေ တစ်ဖက်သတ်လွှမ်းမိုးသော အပြစ်အနာအဆာနည်းတဲ့ ကုန်းမြေကြီးတစ်ခုဖြစ်လာ ခဲ့ပါတယ်။
....................................။..........................................
(အဖြစ်မှန်) ခွန်အားကြီးမားသော ဘုရားသခင်အားထိုနေ့က အာဒမ်မည်သို့မျှ မငြင်းဆန်နိုင်ခဲ့။ ဘုရားသခင်ကသူ့အား ခွဲစိတ်နေစဉ်မေ့မျော၍ ကယောင်ကတမ်းနှင့် အိမ်မက်များမြင်မက်နေခြင်းသာဖြစ်ပြီး မကြာခင်၌် သူပြန်လည်၍ သတိရလာခဲ့သည်။ အထိတ်တလန့်နှင့် ရင်ဘတ်ကိုစမ်းကြည့်တော့ နံရိုးတစ်ခုက လုံးဝမရှိတော့။ တပြိုင်နက်အတွင်း........... အသံကြား၍ လှည့်ကြည့်လိုက်သောအခါ မချိုမချဉ်မျက်နှာပေါက် နှင့် သူ့အားပြီတီတီစိုက်ကြည့်နေသော ကမ္ဘာမြေ၏ ပထမဆုံးမိန်းမပျိုအား ၀လ္လစ္စလစ်ဖြင့် သူတွေ့လိုက်ရသည်။
မင်းတစေ